မအူပင်မြို့၌ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့နှင့် စက်သုံးဆီဆိုင်ပိုင်ရှင်များ တွေ့ဆုံ‌ဆွေးနွေးပွဲကျင်းပ

မအူပင် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်အဆင့် စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့နှင့် စက်သုံးဆီဆိုင်ပိုင်ရှင်များတွ့ဆုံဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် စက်သုံးဆီဆိုင်များအနေဖြင့် မိမိတို့ဆီဆိုင်များ၏ရရှိ/ ရောင်းချ/လက်ကျန်စာရင်းများ မှန်ကန်စေရေး၊ စုံ/မခွဲခြား၍ စက်သုံးဆီများအား  ဖြည့်သွင်းဆောင်ရွက်ရန်၊ ‌စိုက်ပျိုးရေး၊ မွေးမြူ ရေးသုံးဆီများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ဝယ်ယူပါက ရောင်းချပေးရန်ဆွေးနွေးပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်မှ လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များမှ စက်သုံးဆီဆိုင်များသို့ ဆီလာရောက်ဖြည့်သွင်းသည်ကို စိစစ်တွေ့ရှိရပါက ရဲတပ်ဖွဲ့သို့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဖုန်းသတင်းပေးပို့ရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ဦးမှ စက်သုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်း မပြုရန်ဆွေးနွေး ပြောကြားပြီး စက်သုံးဆီအရောင်းကိုယ်စားလှယ် (၁) ဦးမှ ဒေသခံတောင်သူများ၏ စက်သုံးဆီလိုအပ်ချက်အား ဖြည့်တင်းနိုင်ရေးအတွက် ကျေးရွာအုပ်စုများအား ဆီဆိုင်တည်ရှိရာ နယ်မြေအလိုက် ခွဲခြားသတ်မှတ်‌ပေးရန် တင်ပြ‌ဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မအူပင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်ပိုင်ရှင်များနှင့် စက်သုံးဆီအရောင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 အောင်မြင့်မြတ်(ပြန်/ဆက်)