ပုသိမ် မတ် ၂၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းရင်းသားရေးရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် စုပေါင်းနေထိုင်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်အခမ်းအနားများ အစဉ်အလာမပျက်ကျင်းပနိုင်စေရန် နှစ်စဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာဦးစီးဌာနတွင် စကောကရင်၊ ပိုးကရင်၊ ရခိုင်၊ ချင်း TA/LT ဆရာ၊ ဆရာမများကို ခန့်ထားပေးခဲ့ရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးအတွက် အထောက် အကူပြုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများအနေဖြင့် တိုင်းရင်းသား ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဝိုင်းဝန်းအကြံပြု ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” ပြောကြားပြီး မြန်မာ-အင်္ဂလိပ်-စကောကရင်-အနောက် ပိုးကရင် (၄) ဘာသာ ဝေါဟာရစာအုပ်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ ကြိုးကြာကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ၉၀ ပေ× ၃၀ ပေ RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (၁၁၀ပေ×၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့အခြေခံပညာအထက်တန်းကျောင်း ၁၄၀ ပေ× ၃၀ ပေ RCC သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း၊ ရေကြည်မြို့နယ်၊ သပြေကွင်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁၀၀ ပေ× ၃၀ ပေ) RCC တစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း၊ ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ၁၄၀ ပေ × ၃၀ ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)