ငါန်းဇွန်မြို့နယ်တွင် နွားနို့ဈေးကောင်းရ၍ ရောင်းအားကောင်းသဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားရရှိ

ငါန်းဇွန် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ဗမာနို့စားနွားမွေးသူတောင်သူ ဦးကြီးများအနေဖြင့် ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ဗမာနို့စားနွားမများမွေးမြူကြရာ နွားနို့ဈေးများ ကောင်းမွန်ကာ ဝယ်လိုအားကောင်းသဖြင့် ရောင်းအားကောင်းကာ မိသားစုအပိုဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ဗမာနို့စားနွားမွေးသူ တောင်သူဦးကြီးများသည် နွားနို့ထွက်အားကောင်းသော နွားမမျိုးကောင်းမျိုးသန့်များကို ရွေးချယ်ဝယ်ယူမွေးမြူကြရာ ယခုနှစ်တွင် နွားဈေးများ အသင့်အတင့် ကောင်းမွန်ပြီး နွားနို့ဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ် ရရှိသဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားရရှိကြောင်း သိရသည်။ မြို့နယ်အတွင်း မွေးမြူရေးနို့စားနွားများ တစ်နိုင်တစ်ပိုင် မွေးမြူကြသော်လည်း ဗမာနွားနို့သည် ပြစ်ပြီးအဆီအနှစ်နှင့် အာဟာရပြည့်ဝစွာပါဝင်၍ သောက်သုံးရာတွင် ပိုမိုကောင်းမွန်သောကြောင့် စားသုံးသူများ ပိုမိုနှစ်သက်ကာ ဝယ်လိုအားကောင်းမွန်ကြောင်း သိရသည်။

တောင်သူဦးကြီးများသည် နွားနို့ (၂) ပိဿာဝန်းကျင်ထွက်သော ဗမာနို့စားနွားမမျိုးများကို နွားမဒန်း (အရပ်ခေါ်သားကွဲနွားမငယ်) များကို ရွေးချယ်မွေးမြူကြသည်။ နွားမဒန်းများသည် (၃) နှစ်သားပြည့်ပြီး (၄) နှစ်သားတွင် သန္ဓေဆောင်ကာ မွေးဖွားပါက နွားနို့ကို စတင်ညှစ်ယူနိုင်ပါသည်။ မျိုးကောင်းလျှင် ကောင်းသလို နို့ထွက်အားကောင်းမွန်ပြီး နွားမွေးတောင်သူများကို စားဝတ်နေရေး ထောက်ပံ့ပေးပါသည်။ ယခုနှစ်တွင် နွားနို့ဈေးကောင်းမွန်ရုံသာမက နွားဈေးများလည်း အသင့်အတင့်ကောင်းမွန်ကြရာ နို့ကွဲနွားမဒန်းတစ်ကောင်ကို (၁၀) သိန်း ဝန်းကျင်ရှိပြီး နွားအချောအလှများမှာ ဈေးပိုမိုရရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်ရှိ နွားမွေးသူတောင်သူဦးကြီးများမှာ လယ်ယာလုပ်ငန်းခွင်သို့သွားရင်း မိမိတို့၏နွားများကို နွားစားကျက်တွင် လွတ်ကြောင်းစနစ်ဖြင့် မွေးမြူကြသည်။ ယင်းသို့ မွေးမြူသည့်အတွက် နွားများအညောင်းမိပြီး ရောဂါဖြစ်ခြင်းမှ ကင်းဝေးစေနိုင်ကြောင်း ဗမာနွားမွေးသူ တောင်သူဦးကြီးတစ်ဦးထံမှ သိရသည်။ နွားစာရှာဖွေရခက်သော်လည်း တောင်သူများဖြစ်ရာ အစာခြောက်အတွက် အနည်းငယ်သာ လိုအပ်ပြီး အစာစိမ်းမှာ အချို့ကအခင်းတွင် ပြောင်းကြဲစိုက်ပျိုး ရိတ်ကျွေးကြကြောင်း သိရသည်။ နွားနို့မှာ လွန်ခဲ့သော (၂) လက တစ်ပိဿာ (၄၀၀၀) ကျပ်သာရှိခဲ့ပြီး ဖေဖော်ဝါရီလမှစ၍ တစ်ပိဿာ (၄၅၀၀) ကျပ် တိုးမြှင့်ခဲ့သဖြင့် နွားမွေးတောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားရရှိကြကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)