မိုးညှင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသားလူငယ်များမှ စိတ်ဝင်တစားသင်ယူ

မိုးညှင်း မတ် ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီ (၂၃) ရက်မှစတင်၍ ယနေ့အချိန်အထိ သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသားလူငယ်များမှ စိတ်ဝင်တစား လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

နွေရာသီအခြေခံအားကစားသင်တန်းကို ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ယူ၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များနှင့် အားကစားဝါသနာရှင်များအား အားကစားများကို ပိုမိုစိတ်ဝင်စားလာစေရန်၊ အားကစားလှုပ်ရှားရခြင်းကြောင့် အသက်ရှည် ကျန်းမာပြီး ပြည်နယ်ဂုဏ်ဆောင်အရည်အချင်းရှိသော လူငယ်အားကစားသမားများ ထွက်ပေါ် လာစေရန်နှင့် နိုင်ငံလက်ရွေးစင်ဖြစ်သည့် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းများတွင် ကြက်တောင်ရိုက်၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ် ဘော၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်နှင့် Physical Fitness Dance စသည့် အားကစားနည်း စုစုပေါင်း (၈)မျိုးကို ဖေဖော်ဝါရီ (၂၃) ရက်မှ ဧပြီ (၅) ရက်အထိ ကျွမ်းကျင်သင်တန်းနည်းပြများမှ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသားလူငယ်များနှင့် အားကစားဝါသနာရှင်များက စိတ်ဝင်တစား လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း