နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဇေယျာသီရိမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်   မတ် ၂၀

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပင်လောင်းလမ်းဆုံမှ ကျောက်ချက်ကျေးရွာအနီးအထိ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ‌နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် -၂၂၄/၅ အနီးရှိ ပြွန်သုံးလုံးမှ မိုင်တိုင်- ၂၂၃/၆ အနီးရှိ မပိုက်ကယ်ရိုး အဆုံးအထိ ကားလမ်းအရှေ့ဘက်ခြမ်း ရေနုတ်မြောင်းတူးဖော်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသပ်ရပ်စွာစနစ်တကျ တူးဖော်ဆောင်ရွက်ရန်နှင့် မိုးရာသီမတိုင်မီအချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ထိုမှတဆင့် ကျောက်ချက်ကျေးရွာအနီးရှိ မျက်လှည့်ရိုးတူးဖော်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများအား ရိုးအတွင်းသို့စီးဝင်မည့် ရေစီးနှုန်းအားတွက်ချက်ကာ လုံလောက်သည့်မြောင်း အရွယ်အစားအတိုင်း တူးဖော်ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီး ကျေးရွာအနီးရှိ ဇေယျာသီရိမြို့နယ်၏ အဓိကရေနုတ်မြောင်းဖြစ်သည့် ကျွန်းရောင်း-အိုင်စောက်-ပေါင်းလောင်း ရေနုတ်မြောင်းအား ပေါင်းလောင်းမြစ်အထိ တူးဖော်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ မိုးမကျမီအချိန်မီတူးဖော် ဆောင်ရွက်ပြီးစီးရန်   မှာကြားခဲ့သည်။

ယင်းနောက် ‌နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁) ကျင်းပပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းနှင့်အကျုံးမဝင်သည့်မိုးစပါးစိုက် တောင်သူများအား ဓာတ်မြေဩဇာများသီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချမှုနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ပြီး အမှာစကားပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)