ကျောက်ပန်းတောင်း မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်၊ လူနေရပ်ကွက်များနှင့် အစိုးရဌာနအဆောက်အဦများ၊ ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် အလုပ်ရုံများကို ကွင်းဆင်းအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ သုခပြည့်စုံဆေးရုံတွင် မီးဘေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည် သုခပြည့်စုံဆေးရုံမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မီးလောင်မှုဖြစ်ပွားတတ်သည့် အကြောင်းအရင်းများနှင့် ကြိုတင်ကာကွယ်ထားရှိရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများ၊ ဆီမီးလောင်မှုနှင့် အခြားမီးလောင်မှုများကို အရေးပေါ်မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများအား အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသ၍ ဆေးရုံဝန်ထမ်းများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ မီးဘေးအသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို သုခပြည့်စုံဆေးရုံမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ စုစု ပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)