ကြံခင်း ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ခုံကြီးအုပ်စုတွင် မြို့နယ်မွေးမြူနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းကို ယမန်နေ့မှ ဩဂုတ်လ(၆)ရက်နေ့ထိ ခုံကြီးအုပ်စု လူထုဗဟိုပြုဘက်စုံသုံးခန်းမ၌ သင်တန်းဖွင့်လှစ် ပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းကို ကြံခင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုက ဝက်မွေးမြူထုတ်လုပ်ရေး သင်တန်းပို့ချရာတွင် ဝက်များတွင် အဖြစ်များသည့် ရောဂါများနှင့် ကုသပုံနည်းလမ်းများ၊ ဆာကိုဗိုင်းရပ်ကြောင့် ဖြစ်သောဝက်အားနည်း ရောဂါအကြောင်း၊ အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ရေးဆိုင်ရာများ၊ ကူးစက်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်း၊ မျိုးကောင်းမျိုးသန့် ဝက်များမွေးမြူခြင်းနှင့် အသားထုတ်လုပ်မှုကဏ္ဍများအား ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် သင်တန်းပို့ချခဲ့ရာ စိတ်ပါဝင်စားသော သင်တန်းသား(၂၀)ဦး တတ်ရောက်ခဲ့ကြသည်။
အလားတူ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမတွင် ဒေါက်တာအေးသိင်္ဂီသင်းမှ တလိုင်းကွင်းကျေးရွာအုပ်စုရှိ စိတ်ပါဝင်စားသောသင်တန်းသား(၂၀)ဦးအား ဝက်မွေးမြူ ထုတ်လုပ်ရေးသင်တန်းကို တပြိုင်တည်းဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အရ ကျေးရွာများတွင် တိရစ္ဆာန်ရောဂါထိန်းချုပ် ကာကွယ်ကုသရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သင်တန်း(၆)မျိုးအား ကျေးရွာအုပ်စုများတွင်(၁၂)ကြိမ် ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု(၇)ခုအား ပို့ချခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိနေသော ကျေးရွာအုပ်စုများတွင် သင်တန်းဆက်လက် ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)