တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်

မြစ်ကြီးနား မတ် ၂၀

ကချင်ပြည်နယ်လွှတ်တော်၏ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်း အဝေးကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး သဘာပတိတင်မြောက်ခြင်း အပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ရှေးဦးစွာ လွှတ်တော်အစည်းအဝေး ပထမနေ့ကျင်းပနိင်ရေးအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်သဘာပတိအဖြစ် မြစ်ကြီးနားမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဒေါက်တာ သန်းဋ္ဌေးအောင်အား တင်မြှောက်ခဲ့ကြပြီး သဘာပတိကတိသစ္စာနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးက သဘာပတိက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ထို့နောက် သဘာပတိက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့ စတင်ကြောင်းကြေညာပြီး လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်၍လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတစ်ဦး ရွေးကောက်တင်မြောက်ရန်နှင့် ဒုတိယဥက္ကဋ္ဌတစ်ဦး ရွေးကောက်တင်မြှောက်ရန် အမည်စာရင်းတင်သွင်းခြင်းနှင့် ထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး သဘာပတိက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခဲ့သူ မချမ်းဘောမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးရားဝမ်ဂျုံးအား ပြည်နယ်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မိုးညှင်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးသန်းထွန်းအေးအား ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခံရကြောင်းကြေညာပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြကာ သဘာပတိက ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးထံ တာဝန်လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်သူများ လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ် ပိုမိုရှင်သန်နိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်၍ အပိုင်းလိုက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့်အတွက် ယခု တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို စတင်ကျင်းပခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဥပဒေပြုရေးသည် လွှတ်တော်၏ အဓိကတာဝန် ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ကိုယ်စားပြုသည့် ရွေးကောက်ခံအဖွဲ့အစည်းများအဖြစ် ပြည်သူများ၏ စစ်မှန်သောဆန္ဒကို ထင်ဟပ်ပြသပေးသည့် ဥပဒေပြုအဖွဲ့အစည်းလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်နှင့်အညီ ကချင်ပြည်နယ်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးကို အထောက်အကူဖြစ်စေမည့် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်/အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ခေတ်စနစ်နှင့်အညီ ဆောင်ရွက်သွားနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း တိုးတက်မြင့်မားစေရန် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုများနှင့်အတူ မဲဆန္ဒရှင်ပြည်သူများ၏အကျိုးကို ရှေ့ရှုလုပ်ဆောင်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် ပေးအပ်ထားသည့် လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို သမာသမတ်ကျကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်များနှင့်အတူ ကချင်ပြည်နယ်အတွင်း ဒီမိုကရေစီအခွင့်အလမ်းများ ပိုမိုရရှိစေရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ အစည်းအဝေးကို နံနက် ၁၁ နာရီတွင် ရပ်နားလိုက်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)