မန္တလေး မတ် ၂၁
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုတက္ကသိုလ်(မန္တလေး)၏ (၂၃)ကြိမ် နှင့် (၂၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၂၁ရက်နေ့က မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် သူနာပြုတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်က သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးပြုသူနာပြုဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် သက်ဆိုင်ရာဘွဲ့များ အပ်နှင်းသည်။
(၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့တက်ရောက်ယူသူ သူနာပြုပါရဂူဘွဲ့ ၄ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၁၈ ဦး၊ အထူးပြုသူနာပြုဒီပလိုမာ ၈ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၂၄၁ ဦး၊ အဝေးရောက်ဘွဲ့ယူသူ အထူးပြုသူနာပြုဒီပလိုမာ ၂ ဦးနှင့်သူနာပြုသိပ္ပံဘွဲ့ ၂၃ ဦး၊ (၂၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရရှိသူ သူနာပြုသိပ္ပံဘွဲ့ ၁၉၈ ဦးတို့ကို ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များပေးအပ်ကာ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။
သူနာပြုတက္ကသိုလ်-မန္တလေး အနေဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၈ ခုနှစ် နိုဝင်ဘာလမှစပြီး (၂၇) နှစ်တာ ကာလအတွင်း သူနာပြုပါရဂူဘွဲ့ ၁၀ ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့ ၁၈၈ ဦး၊ အထူးပြုသူနာပြုဒီပလိုမာဘွဲ့ ၄၁၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ၃၀၆၇ ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ၂၂၁၆ ဦး၊ စုစုပေါင်း ၅၈၉၆ ဦးတို့အား ဘွဲ့အပ်နှင်းနိုင်ခဲ့ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မည့် သူနာပြုကောင်းများ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)