နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်  သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်  မတ် ၂၁

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် သည် မြို့နယ်စိုက်ကြပ်အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ မဲဒီးကျေးရွာ ကွင်းအမှတ် (၁၆၇၁)ကွင်းအတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး DY 1လက်တံမြောင်းမှရေပေးဝေမှုအခြေအနေ နှင့် တောင်သူ ဦးခင်မောင်ညွန့်၏ လယ်ဧက (၁၀၀) အားနွေစပါးစိုက်ပျိုးနိုင်ရေးအတွက်မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ နွေစပါးကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုအခြေအနေနှင့် နွေစပါးစိုက်ပျိုးပြီးအောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုသည်။

နေပြည်တော်ကောင်စီဝင်က တောင်သူများအား စပါးနှင့် အခြားသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး မြေပြုပြင်ခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရိုးပြတ်များမီးမရှို့ရန်၊ သဘာဝမြေဆွေးပုံများစနစ်တကျဆောင်ရွက်သွားရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများကောင်းမွန်အောင်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ​နေပြည်​တော်​ကောင်စီဝင်သည် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း ၏ ကြီးကြပ်မှုဖြင့်  ရပ်ကွက်နေပြည်သူ (၃၀၀)ဦးတို့ သစ်ပင်၊ ချုံနွယ်၊ မြက်ပင်အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်​နေမှုအ​ခြေအ​နေများအား ကွင်းဆင်းကြည့်ရှုသည်။

အောင်သူရဦးပြန်/ဆက်)