၂၀၂၆ ခုနှစ်၊ ကျောက်ဆည်မြို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျောက်ဆည် မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်ပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်ဆည်ခရိုင်၊ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။      

ရှေးဦးစွာ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုနှင့်အညီ ကျင်းပသွားမည်ဖြစ်ရာ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကောမတီ၊ လုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်က ဖျော်ဖြေရေးအဖွဲ့များ (၆)ဖွဲ့များ ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် အလှည့်ကျဖျော်ဖြေမည့်အစီအစဉ်များ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ကျောက်ဆည်မြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌများက ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုရေး၊ ဧည့်ခံကျွေးမွေးရေး၊ သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက စတုဒိသာကျွေးမွေးရေးနှင့် သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး