ပူတာအို မတ် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်(၂၁)ရက် နံနက်(၈)နာရီခွဲက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းက သစ်တော သယံဇာတ ပေါကြွယ်ဝမှုနှင့် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေပြီး သစ်တောဖုံးလွမ်းမှုတိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပူတာအိုခရိုင်၏သစ်တောဖုံးလွမ်းမှုမှာ ခရိုင်ဧရိယာ၏ ၇၇ ဒသမ ၀၈ ရာခိုင်နှုန်း ဧရိယာအားဖြင့် ဧက ၅ဒသမ၂၃ သန်းရှိပါကြောင်း၊ ပူတာအိုခရိုင်တွင် အဖိုးတန်ဒေသသစ်မျိုးများနှင့်အတူ ဝါး၊ ကြိမ်၊ မှို၊ ပျားရည်၊ ရှီးပတီး၊ ခန်းတောက်မြစ်၊ မချစ်ဉ၊ ရှားချီ၊ ငှက်သိုက် အစရှိသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအမျိုးမျိုးကိုလည်း တွေ့ရှိရကြောင်း၊ သစ်တောဖုံးလွမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောဖုံးလွမ်းမှုများတိုးပွားလာပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာနိုင်ရန် စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သစ်တောသယံဇာတထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ သစ်စက်လုပ် ငန်းရှင်များက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်ဗီဒီယိုပြသခြင်းအစီအစဉ်ကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်