မြစ်သား မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မင်းကုန်းရပ်ကွက်အတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ အသင်းဝင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအဆင့် ပြည်သူများအကြား စိမ့်ဝင်ပျံနှံ့မှုရှိစေရန် ဖွဲ့စည်းထားပြီး လူမှုဂရုဏာလုပ်ငန်းများကို နိုင်ငံ၏ အရန်အင်အားအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များအနေဖြင့် တန်ဖိုးရှိလှသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ ဗဟုသုတခံယူချက် ကျွမ်းကျင်မှုများကို အမြဲမှတ်သားနာယူပြီး ကြက်ခြေနီအခြေခံမူများနှင့်အညီ တိုးတက်ပြောင်းလဲလာသော ကြက်ခြေနီလုပ်ငန်းများဖြင့် ရပ်ရွာလူထုကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုစိတ်အပြည့်အဝဖြင့် ကူညီဆောင်ရွက်ရင်း လူထုပူးပေါင်းပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်က အသင်း၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာသိန်းထွန်းဆောင်၊ ကြက်ခြေနီအသင်းညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်နှင့် အသင်းဖွဲ့များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရှိန်သူ၊ မြစ်သားမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့် အသင်းဝင်များ၊ လုပ်ငန်းရှင်စေတနာအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)