မိတ္ထီလာမြို့၌ အခြေခံရှေးဦးပြုစုခြင်း ကြက်ခြေနီသင်တန်း ဖွင့်လှစ်

မိတ္ထီလာ မတ် ၂၁

မိတ္ထီလာမြို့၌ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းဆောင်ရွက်သော အခြေခံရှေးဦးပြုစုခြင်း ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက သင်တန်းတွင် သင်ကြားပို့ချပေးမည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းစာများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဖွင့်လှစ်ပို့ချသည့် သင်တန်းဖြစ်သောကြောင့် သင်တန်းမှပို့ချသည့် အခြေခံရှေးဦးပြုစုခြင်းသင်ခန်းစာများကို ကြိုးစားသင်ယူကြရန်မှာကြားသည်။

အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ သင်တန်းသား၊ သင်တန်းသူ ၃ဝ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ သုံးရက်တာကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် စာတွေ့၊ လက်တွေ့ အခြေခံရှေးဦးပြုစုခြင်းသင်ခန်းစာများကို သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ