နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၂၁

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ၂၀၁၂ ခုနှစ်ကစတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေဖို့၊ ကမ္ဘာနှင့်အဝန်း အမျိုးအစား စုံလင်တဲ့ သစ်တောဂေဟစနစ်များရဲ့အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်ဖို့နှင့်  သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး နှစ်စဉ်မတ်လ (၂၁) ရက်နေ့ကို သတ်မှတ်ပေးခဲ့ပါ‌ကြောင်း၊ သစ်ပင်၊ သစ်တောများသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ပြီး သစ်တောထွက်ပစ္စည်း အခြေပြုဝင်ငွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊ ယနေ့ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးလျက်ရှိတဲ့ ဇီဝအခြေပြုစီးပွားရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ရာသီဥတု သမမျှတစေရေးနှင့် စိုက်ပျိုးစီးပွားဖွံ့ဖြိုးရေးကဏ္ဍ၊ ဂေဟစနစ်ဝန်ဆောင်မှုနှင့် သဘာဝအခြေပြုနည်းလမ်းများဖြင့် စီးပွားရေးဆောင်ရွက်နိုင်မှုဖော်ဆောင်ရေးကဏ္ဍ၊ လူမှုဘဝဖွံ့ဖြိုးရေးနဲ့ သက်ရှည်ကျန်းမာရေးကဏ္ဍများအတွက်ပါ သစ်ပင်၊ သစ်တောများရဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေမှုကို ကမ္ဘာသူ/သားများအား မြှင့်တင်အသိပေးလိုတဲ့ အတွက် ၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို “သစ်တောများနှင့် စီးပွားရေး (Forests and Economies)” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပသွားမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရဲ့ သစ်တောသယံဇာတ များကြွယ်ဝမှုကိုဖော်ပြရရင် သစ်တောဖုံးလွှမ်းမှုဆန်းစစ် လေ့လာမှုများအရ ၂၀၂၅ ခုနှစ်မှာ ၄၁ ဒသမ ၈၇ ရာခိုင်နှုန်း သစ်တောများ ဖုံးလွှမ်း လျက်ရှိပါကြောင်း၊  ရွက်ပြတ်ရောနှောတောများ၊ အပူပိုင်းသစ်တောများစသည်ဖြင့် သစ်တောအမျိုးအစား စုံလင်စွာ ပေါက်ရောက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ကျွန်းသစ်နှင့် သစ်မာသစ်မျိုးများဖြစ်တဲ့ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်းဝင်၊ အင်၊ ကညင်စသည့် စီးပွားရေးအရ အဖိုးတန်သစ်မျိုးများကို ရွက်ပြတ်ရောနှောတောများတွင်တွေ့ရပြီး နိုင်ငံ့စီးပွားရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊  အဖိုးတန်သစ်မျိုးများနှင့်အတူ ဝါး၊ ဓနိ၊ သက္ကယ်၊ ပျားရည်အစရှိတဲ့ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း အမျိုးမျိုးကိုလည်းတွေ့ရှိရပြီး ကျွန်းနှင့်သစ်မာများကဲ့သို့ပင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ သစ်ပင်များ၏အစိတ်အပိုင်း အမျိုးမျိုးတို့သည် နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိတဲ့အတွက် ရေရှည်တည်တံ့စေဖို့ စနစ်တကျ စီမံအုပ်ချုပ်ခြင်းနှင့် ထုတ်ယူသုံးစွဲခြင်းအားဖြင့် ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် သစ်နှင့်ဆက်စပ်ထွက် ကုန်ပစ္စည်းများအခြေပြု အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သစ်တောဖုံးလွှမ်းမှုများ ပိုမိုတိုးပွားလာပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူပြုလာနိုင်ရေးအတွက် သဘာဝတောများကို ရေရှည်တည်တံ့စေရန် စနစ်တကျ စီမံအုပ်ချုပ်ခြင်း၊ တောနိမ့်တောကျဲပါးနေရာများမှာ သစ်ပင်များစိုက်ပျိုးခြင်း၊ ဂေဟစနစ်အမျိုးမျိုးမှာ သစ်တောစိုက်ခင်းများ ပြန်လည်တည်ထောင်ခြင်း၊ သစ်တောနယ်မြေပြင်ပမှာ သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေးများမှာ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်ခြင်းစတဲ့ သစ်တောပြုစု ထိန်းသိမ်းရေးလုပ်ငန်းများမှာ အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများ အားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ကြစေလို ကြောင်းပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုကို ဖွင့်လှစ်ပြသသည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင်များသည်အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်သစ်တောဦးစီးဌာနမှ ခင်းပြသထားသည့် နံရံကပ်ပြဘုတ် ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)