ထားဝယ် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တားမြစ် ထားသော ဓာတုပစ္စည်းများပါဝင်သည့် အစားအသောက် များ၊ အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန်နှင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူ သုံးစွဲနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မင်္ဂလာစျေးတွင် ပြည်သူလူထု နေ့စဉ် စားသောက်၊ အသုံးပြုနေသော အခြေခံစားကုန်များနှင့် အလှကုန် များ ဘေးအန္တရာယ်ကင်းရှင်း စေရေးခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များကို စျေးကွက်ထောက်လှမ်း ကြည်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံး/သုံးစွဲမသင့် အစားအသောက်နှင့် အလှကုန် ပစ္စည်းများ စာရင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား စျေးရောင်းချသူများထံ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးမသင့် peach အမှတ်တံဆိပ် မက်မွန်သီး၊ new choice မက်မွန်သီးများနှင့် သက်တမ်းလွန် ဟင်းခတ်မှုန့်နှင့် အချိုရည်ဘူးများ စစ်ဆေးတွေ့ရှိသဖြင့် နောက်နောင် ရောင်းချခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး သိမ်းဆည်းပစ္စည်းများကို စုပေါင်း ၍ ဖျက်ဆီးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)