မြစ်သား မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေသြဇာစုပေါင်းရောင်းချခြင်းနှင့် ရွက်ဖျန်းအားဆေး၊ မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးခြင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်ရည်ရွယ်၍ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကန်ကွေ့ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစိုးမင်းနိုင်က အမှာစကားပြောကြားပြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရီရီဌေးက နွေသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်စန္ဒီဝင်းက တောင်သူဦးကြီးများအား ခေတ်မှီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိရေးနှင့်နည်းပညာများကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေသုံးချရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်ဦးက ရေသုံးချမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြေ၊ မျိုး၊ ပိုးတာဝန်ခံများမှလည်းလိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဒေသခံတောင်သူများကို နေကြာမျိုးစေ့၊ ဝါမျိုးစေ့များနှင့် ရွက်ဖျန်းအားဆေးများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း