မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေအနုပညာအမြင်ဖွင့်သင်တန်းဖွင့်လှစ်

မူဆယ် မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စာပေအနုပညာ အမြင်ဖွင့်သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများရရှိစေရန်၊ ကျောင်းသင်ခန်းစာသင်ယူချိန်တွင် အထောက်အကူဖြစ်စေရန်တို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းအသင်းဝင် ဦးအယ်လ်စိုးထန်တူးက သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် တစ်ဦးချင်းနေ့စဉ်ကျင့်သုံးရမည့် ပြည်သူ့နီတိအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကဗျာဆရာ ဦးမျိုးခိုင်၊ မျိုးခိုင်(မူဆယ်)က သင်တန်းသူ၊ သင်တန်းသားများကို သင်တန်းနည်းပြ ဆရာများနှင့် မိတ်ဆက် ပေးပြီး ကာရန်လှလှရှာကြမယ် ခေါင်းစဉ်ဖြင့် ကဗျာနိဒါန်းပျိုးခြင်း သင်ခန်းစာ၊ စာပေဂီတပညာရှင် ဦးသန်းတင်၊ သန်းတင် (၁၀၅မြေ) က မြန်မာ့ဂီတအစ စည်းဝါးက သင်ခန်းစာ၊ ဦးအုန်းမောင် (ရွှေညာသားမြတ်မင်း) က ကဗျာနှင့်ကာရန် သင်ခန်းစာနှင့် ဦးထင်ကျော်၊ နိုင်မျိုးသစ္စာ (နမ္မတူ)က ဝတ္ထုတို၊ ဝတ္ထုရှည်၊ စာပေရေးသားရာတွင် ပါဝင်ရမည့် အချက်များကို သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းတွင် နိုင်ငံတော်အဆင့် စာပေဆု (၁၃) ဆုရရှိသည့် ဦးအုန်းမောင်၊ (ရွှေညာသားမြတ်မင်း)၊ နိုင်ငံတော်အဆင့်စာပေဆု (၆)ဆုရ ဦးထင်ကျော်၊ နိုင်မျိုးသစ္စာ(နမ္မတူ)၊ နိုင်ငံတော်အဆင့် စာပေဆု(၇)ဆုရ ဦးမျိုးခိုင်၊ မျိုးခိုင်(မူဆယ်)နှင့် စာပေဂီတပညာရှင် ဦးသန်းတင်၊ သန်းတင်(၁၀၅ မြေ) တို့က ပါဝင်ဆွေးနွေးသင်ကြားပေးကြမည်ဖြစ်ပါသည်။ သင်တန်းကာလကို ၂၀-၃-၂၀၂၆ ရက်နေ့မှ ၃၀-၃-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)