မိုးနဲ မတ် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော နားခံကျေးရွာကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို အဆိုပါလမ်းနေရာ၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးရွာကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားသစ် မုခ်ဦးအား နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး၊ မိုးနဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်ခိုင်က ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်းရှင်းလင်း ပြောကြားခဲ့ပြီး ကျေးရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်း လေးဖာလုံနှင့် ကွန်ကရစ်တံတား အရှည် ၁၃ ပေ ၊အကျယ် ၁၇ ပေ နှင့်အမြင့် ၇ ပေကို ခွင့်ပြုရန်ပုံငွေ ၇၂ ဒသမ ၇၈၃ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီနှင့် ဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လမ်းနှင့် တံတားပြီးစီးသွားသည့်အတွက် စိုက်ပျိုးမြေ ၂၅၅၀ ဧက၊ အိမ်ခြေ ၅၁၀ အိမ်နှင့် လူဦးရေ ၂၅၄၃ ဦးအတွက် အကျိုးပြုနိုင်မည့် လမ်းနှင့်တံတားဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)