မိုးကောင်းမြို့နယ်၌ စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ တတိယအကြိမ် ကွင်းဆင်းစစ်ဆေး

မိုးညှင်း မတ် ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့်ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များအား လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ ယနေ့ နံနက် (၁၀) နာရီက တတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်အေးအေးလင်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မှ ဆက်စပ်ဌာနဆိုင်ရာများ ဖြစ်ကြသည့် စားသုံးသူရေးရာဦးစီးဌာန၊ အသေးစားစက်မူလက်မူလုပ်ငန်းဦးစီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးပေးထားသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မိုးကောင်း)မြို့နယ်ရုံးတို့မှ တာဝန်ရှိသူများနှင့် အတူ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာနေ ဒေါ်ဖြူဖြူဝင်း၏ (ဟိန်းဓနဆန်း) ဆီစက်လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို တတိယအကြိမ် လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ခရိုင်တာဝန်ခံနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းဆီစက်လုပ်ငန်းရှင်အား လုပ်ငန်းများအလျင်အမြန် ပိုမိုတို့ချဲ့အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များနှင့် အားနည်းချက်များကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ လုပ်ငန်းလုပ်ထုံး လုပ်နည်းများနှင့်အတူ ပေါင်းစပ်ဆောင်ရွက်သွားမည်ဆိုပါက ၎င်းလုပ်ငန်းများ ယခင်လုပ်ငန်းထက် ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း