ခိုင်ကမ်း ဇန်နဝါရီ ၁၂
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာ၍ စီးပွားရေးရှာဖွေရန် ခက်ခဲမှုများကြောင့် နေအိမ်အတွင်း ရက်ကန်းစင်များတပ်ဆင်၍ တစ်နိုင်တစ်ပိုင် ရက်ကန်းခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ အရင်က ကိုဗစ်-၁၉ရောဂါ မဖြစ်ခင်ချိန်ကဆို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ကိုသွားပြီး ပန်းရံအလုပ်ကို လုပ်ကြတယ်၊ တစ်ရက်ကို ငါးထောင်ကနေ ရှစ်ထောင် ထိရပါတယ်။ ခုလို ကိုဗစ်-၁၉ရောဂါ ကလေးမြို့ဖက်မှာ ရောဂါပိုး ကူးစက်မှု မြှင့်လာတော့ အလုပ်လုပ်ကိုင်ဖို့ အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် အိမ်မှာနေရင်း မိသားစု တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရရရှိအောင် ရက်ကန်းစင်ဝယ်ထား ရက်ကန်းလုပ်ငန်းနှင့် အသက်မွေးရတယ် အနည်းဆုံးတော့ တစ်ပတ်ကို နှစ်သောင်းကနေ သုံးသောင်းထိ ကိုယ်ရက်တဲ့ အဆင်ပေါ်မူတည်ပြီးရတယ်” ဟု ခိုင်ကမ်းမြို့ အမှတ်(၁) ရပ်ကွက်နေ ဒေါ်ဟိုးလီးနူးမှ ပြောသည်။
ရက်ကန်းရက်လုပ်ရာတွင် လူမျိုးအလိုက် ရိုးရာဆင်ကွဲပြားမှုရှိပြီး ရက်လုပ်ခကို အနည်းဆုံးငွေကျပ် ခုနှစ်ထောင်မှ တစ်သိန်းကျော်ထိရှိကြောင်း၊ ရိုးရာတစ်ဘက်များလည်း အမျိုးအစား အကြီးအသေးခွဲ၍ ရက်လုပ်ခ အနည်းဆုံး ကျပ်ငါးထောင်မှ တစ်သိန်းကျော် အထိရှိကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)