ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်ချိန်းယာယီတိမ်းရှောင်စခန်း အိမ်ရာသစ် ဆုတောင်းပွဲ၊ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ဝိုင်းမော်ဒေသခံပြည်သူများအား အသိပေးရှင်းလင်း

မြစ်ကြီးနား မတ် ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒေသတွင်း နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာသော မိသားစုများအား နေရာချထား ထောက်ပံ့ပေးလျက်ရှိရာ မန်ခိန်ရပ်ကွက်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေနေရာတွင် နေရာချထားပေးခဲ့သော နောင်ချိန်ကျေးရွာမှ အိမ်ထောင်စုများက ယာယီခိုလှုံရာအိမ်ရာအသစ်ရရှိခြင်း ကျေးဇူးတော်ချီးမွှမ်းဆု‌တောင်းပွဲကို အဆိုပါ ယာယီအိမ်ရာစခန်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။

ရှေးဦးစွာ အခမ်းအနားတွင် သိက္ခာတော်ရ ဆရာဂျမ်ဘော်ခေါင်ဇောင်းက ယာယီတိမ်းရှောင် စခန်း အိမ်ရာသစ်အတွက် ပြည်နယ်အစိုးရအဖွဲ့အား ကျေးဇူးတင်ကြောင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကားပြီး ယာယီတိမ်းရှောင်စခန်းနေ လူငယ်များက လော်ဝေါ်ရိုးရာအကဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ယာယီတိမ်း ရှောင်မိသားစုများနှင့် ဝန်ထမ်းများအား နေထိုင်စားသောက်မှုအဆင်ပြေစေ‌ရေး အတတ်နိုင်ဆုံးကူညီ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိုးမကျမီ မိုးလုံလေလုံနေထိုင်နိုင်ရေး ယခုလိုစီစဉ်‌ဆောင် ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မကြာမီတက်လာမည့် အစိုးရသစ်နှင့်အတူ တည်ငြိမ်အေးချမ်းရေးနှင့် နေရပ်ပြန်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြစေလိုကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတော်ချီးမွှမ်းဆုတောင်းပွဲအတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းနှင့် ဖျော်ဖြေရေးအဖွဲ့အတွက် ငွေကျပ် ၂ သိန်းကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး ဦးကျော်မင်းက ငွေကျပ် ၁၀ သိန်းကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကောင်းချီးတောင်းခံဆုတောင်းခြင်းကို လက်ခံခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့သို့ သွားရောက်ပြီး ဝိုင်းမော်မြို့ ရပ်ကွက် (၁)အတွင်းရှိ စည်ပင်သာယာ‌ရေးအဖွဲ့ပိုင် ဧရာမော်ပန်းခြံအတွင်း စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူအပန်းဖြေနိုင်ရေး မြေယာရှုခင်း အလှဆင်ထားရှိမှု၊ ကလေးငယ်ကစားကွင်း၊ ရေပန်းများ၊ လွတ်လပ်ရေးကျောက်တိုင်တို့တွင် အလှပန်းပင်များဖြင့် ပုံဖော်ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက် လော်ဝေါ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ ဒူဝါကြီး လော်ဝါးဇောင်းခေါင် အောက်မေ့ဖွယ်ခန်းမ၌ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာအထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်‌ရေး ကချင် ပြည်နယ်ဒေသခံကော်မတီက ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးလဘန်ခါး(ခ) ဦးခါးလီ၊ ဦးစိုင်းထွန်းအောင်၊ ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွယ်နှင့် ဦးဂျန်ခုန့်(ခ)ဦးနော်ခုန့်တို့က ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များနှင့် ဆောင်ရွက်သွား မည့်အစီအမံများအပေါ် ဒေသခံပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အချက် အလက်ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြရာ တက်ရောက်လာကြသူ ဒေသခံတိုင်းရင်းသားပြည်သူများက စီမံကိန်းနှင့် စပ်လျဉ်း၍ သိလိုသည့် အချက်များ၊ အကျိုးကျေးဇူးနှင့် ခံစားခွင့်များ၊ စိုးရိမ်ပူပန်မှုရှိသည့် ၎င်းတို့၏ အမြင်သဘောထားများကို မေးမြန်းကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်း လင်းဆွေးနွေးပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ အဖွဲ့ဝင်များသည် အမှတ်(၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀)၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ဆေးကုသဆောင်၌ ဆေးတပ်မှူးနှင့် ဆေးရုံဝန်ထမ်းများက တပ်မတော်အရာရှိသည်များနှင့် တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အာဟာရဖြည့်စွက် အစားအစာများနှင့် ဆေးဝါးများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပွဲအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ နှင့် အလှူရှင်တစ်ဦးက ငွေကျပ်သိန်း ၃၀၀ ကို လှူဒါန်းပေးအပ်ခဲ့ကြရာ ဆေးတပ်မှူးက ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် (လေဆိပ်သွား လမ်း) ပြည်ထောင်စုလမ်းမဘေးရှိ မြေကွက်လပ်တွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရေးအတွက် သစ်ပင်ခြုံနွယ်များကို ရှင်းလင်း၍ ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ၍ မလိခဥယျာဉ်အဖြစ် မြေယာရှုခင်း ပြုပြင်၍ အလှပန်းပင်များ၊ အရိပ်ရပန်းပင်များဖြင့် ပုံဖော်ထားရှိမှု၊ လျှောက်လမ်းများ၊ အားကစားလေ့ကျင့်ရေးကိရိယာများ၊ ကလေးကစားကွင်းများဖြင့် အကောင်အထည်ဖော်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)