မချမ်းဘောမြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်

မချမ်းဘော မတ် ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ပွင့်လင်းရာသီတွင်ဖြစ်ပွားတတ်သော မီးလောင်မှုများကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်နည်းများ အများပြည်သူသိရှိစေရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မတ် ၂၄ ရက်နေ့ ညနေ ၄ နာရီက မချမ်းဘောမြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပေးရာတွင် ပေါ့ဆမီးလောင်ခြင်းများမဖြစ်ပွားအောင် ထင်းမီးဖိုများ၊ မီးသွေးဖိုများအသုံးပြုပြီးတိုင်း စနစ်တကျငြိမ်းသတ်ကြရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင်လည်း ချက်ပြုတ်အသုံးပြုပြီးတိုင်း မီးပလပ်များဖြုတ်ထားကြရန်နှင့် လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲခြင်း၊ ဆွေးမြေ့ကြိုးများ ရှိ၊ မရှိ သက်ဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သူများဖြင့် စနစ်တကျစစ်ဆေးထားကြရန်နှင့် အိမ်တိုင်းတွင် မီးသတ်ဆေးဘူးများ၊ သဲ၊ ရေ၊ မီးချိတ်၊ မီးကတ်များထားရှိရန်လိုအပ်ကြောင်းတို့ကို ကျယ်ကျယ်ပြန်ပြန့် အသိပညာပေးနှိုးဆော်ခဲ့သည်။

အလားတူ မီးဘေးကာကွယ်ရေးနှိုးဆော်ခြင်းများကို မချမ်းဘောမြို့နယ်ရှိ ကျေးရွားများ၌လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)