မိုးနဲမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

မိုးနဲ မတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မြို့နယ်ပညာရေးဌာနမှ ကြီးမှူး၍ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နီလာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြီးကြပ်အဖွဲ့နှင့် နည်းပြဆရာ/ဆရာမ(၃)ဦးတို့က သင်တန်းကို  ဆက်လက်ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါသင်တန်းကို မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင်ကြိုဆိုမိတ်ဆက်ခြင်း၊ ကျောင်းများတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်း၏ သဘောသဘာဝ၊ စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှုပေးခြင်း၊ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးခြင်း၊ ဘေးကင်းလုံခြုံပြီး ကာကွယ်စောင့်ရှောက်မှုပေးသည့် သင်ယူပျော်ဝန်းကျင်တစ်ခုကိုဖန်တီးခြင်းနှင့် အကောင်အထည်ဖော်ရေး အစီအစဉ် စသည်ဖြင့် အခန်းပေါင်း(၇)ခန်းပါဝင်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး  သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၄၇)ဦး တက်ရောက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)