မချမ်းဘောမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှကျန်းမာရေးအသိပညာပေး

မချမ်းဘော မတ်၂၅

ဒေသခံပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ယနေ့နံနက်၁၀ နာရီက မချမ်းဘောမြို့ ဂူဘားခန်းမ၌ ကျင်းပသည်။

ဦးစွာ ပူတာအိုခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာကိုကိုကြီးနှင့် မြို့နယ်ဥက္ကဋ္ဌ ဒေါ်နွေးနန္ဒာအောင်တို့က မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လူမှုရေး စောင့်ရှောက်မှုလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ အမျိုးသမီးများတွင် ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာရောဂါ၊ ရင်သားကင်ဆာဆိုင်ရာများကိုလည်းကောင်း အသိပညာပေးဟောပြောသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးအောင်မင်းဦးက ရာသီတုပ်ကွေးရောဂါ၊ နှာစေးချောင်းဆိုးနှင့် ငှက်ဖျားရောဂါ၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဝတ်စုံများနှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်နွေးနန္ဒာအောင်နှင့် ကျန်းမာရေးမှူးတို့က လက်ခံရယူခဲ့ကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူမိခင်(၇၀)တို့အား အာဟာရမုန့်များကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော)