ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်၌ ဆိုလာဖြင့်ဘတ္ထရီအားသွင်းရာမှ မီးလောင်၊ နေအိမ်သုံးလုံးဆုံးရှုံး

ကျောက်ဆည် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်၌ ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်က ဦးကျော်မင်းဦး (ခ) ဖိုးဆယ် ပိုင်ဆိုင်သည့်   နှစ်ထပ်နေအိမ်တွင် ဆိုလာဖြင့်ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဦးကျော်မင်းဦး(ခ)ဖိုးဆယ်၏ လူနေအိမ်အပြင် ဘေးပတ်ဝန်းကျင်ရှိ ဒေါ်စန္ဒာခိုင်၏ နှစ်ထပ် လူနေအိမ်တစ်လုံး၊  ဦးဝင်းနိုင်၏ မြေစိုက်နေအိမ်တစ်လုံး စုစုပေါင်းလူနေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ကျောက်ဆည်မြို့မစခန်းမှူးဒုရဲမှူးဝင်းနိုင်နှင့်တာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့် သန္ဓေ၊ အရန် တပ်ဖွဲ့ဝင်(၂၅)ဦးတို့က   ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၁၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

သက်မောင်(ကျောက်ဆည်)