တန့်ယန်းမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်မြောက် စိန်ရတုပွဲတော် မုခ်ဦး၊ ကမ္ဗည်းမော်ကွန်းကျောက်စာဖွင့်ပွဲနှင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

တန့်ယန်း မတ် ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်မြောက် စိန်ရတုပွဲတော် မုခ်ဦး၊ ကမ္ဗည်းမော်ကွန်းကျောက်စာဖွင့်ပွဲနှင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ကိုယ်စား မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ကံဝိန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မျိုးမြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း တို့က (၇၅) နှစ်မြောက် စိန်ရတုပွဲတော် မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား ဆရာတော်ကြီးများဦးဆောင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ယင်းနောက် ၁၉၅၀ - ၁၉၅၁ ပညာသင်နှစ်မှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အထိ ကျောင်း၏ ဆောင်ရွက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများ၊ အိမ်တွင်းမှုပြခန်း၊ သိပ္ပံပြခန်း၊ ပန်းချီပြခန်းနှင့် စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုအားပေးကာ (၇၅) နှစ်မြောက် စိန်ရတုပွဲတော် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

 မင်းလွင်ဦး (တန့်ယန်း)