မချမ်းဘော မတ် ၂၆
မချမ်းဘောမြို့ရှိ သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ပူတာအိုခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မချမ်းဘောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပူတာအိုခရိုင်မိနှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲဥက္ကဋ္ဌ ဒေါ်ဥမ္မာကိုကိုကြီးဦးဆောင်၍ ခရိုင်အဖွဲ့ဝင်များ မြို့နယ်အဖွဲ့ဝင်များက သက်ကြီးရွယ်အို ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၀)ဦးတို့အား အာဟာရနို့မုန့်များ၊ ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျန်းမာရေးဗဟုသုတများ၊ ကိုယ်ဝန်ဆောင်မိခင်လိုက်နာရမည့်အချက်များ ကလေးငယ်ပြုစုစောင့်ရှောက်မှု အသိပညာပေးခြင်းများကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)