မြစ်ကြီးနား မတ် ၂၆
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)၏ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ ရှမ်းရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းအောင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းတွင် မူးယစ်ဆေးဖြတ်ကုသမှု ခံယူပြီးသူများကို ပြန်လည်ထူထောင်ရေးနည်းစနစ်ဖြင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးခြင်း၊ အုပ်စုလိုက်နှစ်သိမ့်ဆွေးနွေးခြင်း၊ ဘာသာရေးကုထုံး၊ စိတ်တည်ငြိမ်အေးချမ်းမှုကျင့်စဉ်များ ပြုလုပ်ပေးခြင်း၊ အလုပ်ပေးကုထုံး၊ စိတ်အပန်းဖြေမှုအစီအစဉ်များနှင့် ရုပ်ပိုင်းဆိုင်ရာပြန်လည် ထူထောင်ပေးမှုတွင် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အားကစားမျိုးစုံဖြင့် လေ့ကျင့်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အစာအဟာရ ဖြည့်စွက်ကျွေးမွေးခြင်းနှင့် သင့်လျော်သော အသက်မွေးဝမ်း ကျောင်းပညာရပ်များ လက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းနှင့် ယခုဖွင့်လှစ်သော သင်တန်းအနေဖြင့် ရက်ပေါင်း(၈၀)ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ (၁၈)ဦး တက်ရောက်ခဲ့ပါ ကြောင်း စခန်းတာဝန်ခံထံမှ သိရှိရပါသည်။
ငုရွှေဝါ (ပြည်နယ်ပြန်/ဆက်)