ညောင်ဦးမြို့နယ်၌ သင်္ကြန်အတာအိုးများရောင်းအားကောင်းပြီး ဈေးနှုန်းကောင်းရရှိနေ

ညောင်ဦး မတ် ၂၆

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို ညောင်ဦးမြို့နယ်၊ငါ့သရောက်မြို့၊ တောင်ကုန်းကျေးရွာထွက် အတာသင်္ကြန်အိုးများရောင်းအားကောင်းနေကြကြောင်း တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုးရောင်းနေသည့် ဦးစိန်မြင့်ထံက သိရသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်နှင့်အတူယှဉ်တွဲသိထားသည့် ပိတောက်ပန်းများ၊ရွှေပုပ္ပား ကစကားဝါပန်းများနှင့်အတူ သင်္ကြန်အတာအိုးများထဲတွင် ပန်းများထိုးကာ မြန်မာ့ရိုးရာ မဟာသင်္ကြန်အား ကြိုဆိုကြကြောင်းသိရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်အိုးများကို ထန်းဆွဲမြူအိုးတဝက် လောက်သာပြုလုပ်ကြပြီး ဖေဖော်ဝါရီလမှ စတင်ပြုလုပ်ရောင်းချကြပြီး ဧပြီလပထမပတ်ထိ ပြုလုပ်ရောင်းချကြကြောင်း ဦးစိန်မြင့်ကရှင်းပြသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်အိုးများကို အိမ်တိုင်းဝယ်ယူကြလေ့ရှိကာ သင်္ကြန်မရောက်ခင် တစ်ရက်အလိုမှစပြီး ကြိုတင်ကာရေသန့်စင်ပြီး ရာသီပေါ်ပန်းများထိုးကာ မြန်မာ့ရိုးရာမဟာသင်္ကြန်အားကြိုဆိုလေ့ရှိကြောင်း၊ အတာအိုးထဲတွင် မပါမရှိထည့်သည့် မြေစာ မြက်၊ တမာ၊ အောင်သပြေပန်း၊ အုန်း၊ ခံပန်း၊ မေမြို့ပန်းတို့ဖြစ်ပြီး အခြားအဆင်ပြေရာပန်းများကို ရောထိုးထားကြကြောင်း ညောင်ဦးမြို့ အမှတ်(၂)ရပ်ကွက်နေ ဒေါ်ဇာခြည်လင်းက ရှင်းပြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလတွင် အကြတ်အတက်နေ့နှင့်နှစ်ဆန်းတစ်ရက်နေ့တို့တွင် မြန်မာပြည်အရပ်ရပ်ရှိ မြို့ပြ၊ ကျေးလက်တို့တွင် အိမ်တိုင်း၊လမ်းတိုင်းတွင် အန္တရာယ်ကင်း အဖြစ် ပရိတ်တရားတော်၊ ပဌာန်းတရားတော်များကိုဆရာတော်/သံဃာတော်များက ရွတ်ဖတ်သရဇ္ဇျာယ်ကြပြီး ပရိတ်အိုး၊ပရိတ်တောင်းများထဲတွင် အပ်ချည်၊ သန့်စင်ပြီးသဲ၊ ရေ၊ ကျောက်စရစ်ဂဲဖြူများ ပရိတ်ပန်းများအား မိမိတို့၏ မြို့ရွာ၊ အိမ်တိုင်း ခြံစည်းရိုးပတ်လည်ကို အန္တရာယ်ကင်းပရိတ်သဲများပက်ကြဲ၍ နှစ်သစ်မှာအန္တရာယ် အသွယ်သွယ် ကင်းဝေးပါစေကြောင်း၊ ကမ္ဘာသူကမ္ဘာသားများအေးချမ်းပါစေကြောင်း ဆုတောင်းဖြန်းပက်ကြကြောင်း သိရကာ မကြာမီရောက်ရှိလာတော့မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အတွက် အတာသင်္ကြန်အိုးများရောင်းအားကောင်းနေကြောင်း တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုးပြုလုပ်ရောင်းချနေသူများထံကသိရသည်။

ဒီပါလင်း