မိတ္ထီလာမြို့၌ ဆီကြိတ်စက်ရုံမီးလောင်မှုဖြစ်ပွား

မိတ္ထီလာ မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့စက်မှုဇုန် နှစ်လမ်းရှိ အောင်ဇမ္ဗူဟိန်းဆီကြိတ်စက်ရုံတွင် ယနေ့နံနက် ၄ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံအတွင်း နှမ်းဖတ်မှော်များ စုပုံထားရာမှ အောင်းအပူဖြစ်ပေါ်၍ အပူလွန်ကဲရာမှအနီးရှိ နှမ်းချဆန်ကာခုံသို့ကူးစက်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများကမီးငြှိမ်း သတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ နံနက် ၅ နာရီခွဲခန့်တွင် မီးငြှိမ်းနိုင်ခဲ့သည်။ မီးလောင်မှုကြောင့် အလျား ၅ဝပေ၊ အနံ ၃ဝပေ၊ သွပ်မိုး၊ နံကပ် ကွန်ကရစ် အဆောက်အအုံတစ်လုံး၊ ဆီကြိတ်စက် နှစ်လုံး၊ နှမ်းချဆန်ကာခုံ တစ်ခုံ ပျက်စီးဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍  မီးပေါ့ဆစွာသုံးစွဲသူအား အမှတ်(၃)နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

ချမ်းသာ