ကယားပြည်နယ်ဝန်ကြီးချုပ် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲနှင့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားများသို့ တက်ရောက်

လွိုင်ကော် မတ် ၂၇

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံသစ်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လမ်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီးနှင့် လမ်းဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)တို့က လွိုင်ကော်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ရုံးသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ လမ်းဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)က ရုံးသစ်ဖွင့်ပွဲနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ပန်းပွားအကအဖွဲ့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရုံးသစ်အဆောက်အအုံဖွင့်ပွဲ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး ရုံးသစ်အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါ လွိုင်ကော်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၈၁၉ ဒဿမ ၈၀၀) သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အိမ်တွင်းမှုသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်းမှုသင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ အိမ်တွင်းလက်မှု ကြိမ်/ဝါးသင်တန်း၊ ဟင်းလျာသင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းများကို သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသူ (၄၃၀၈)ဦးကို မွေးထုတ်ပေးခဲ့ရာ သင်ကြားတတ်မြောက်သည့် ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ (၁၈၈၀)ဦးရှိပြီ ဖြစ်ပါကြောင်း၊ ယခု သင်တန်းသူများအနေဖြင့်လည်း မိမိတို့တတ်မြောက်ထားသည့် အတတ်ပညာများကို လက်တွေ့အသုံးချစေပြီး မိမိအကျိုး၊ ပြည်နယ်နှင့်နိုင်ငံအကျိုးကို သယ်ပိုးနိုင်သူများအဖြစ် ကြိုးပမ်းကြစေလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံး ဂုဏ်ပြုချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဖွင့်လှစ်မှု၊ သင်တန်းသူများ၏ သင်ကြားသင်ယူမှုနှင့် ပြင်ပဗဟုသုတရရှိစေရေး ဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများ၏ အိမ်တွင်းမှု လက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှ ယနေ့အထိ ရက်သတ္တ (၂၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် စက်ချုပ်ဘာသာရပ် (၂၀)မျိုး၊ လက်မှုဘာသာရပ် (၈)မျိုး၊ မုန့်လုပ်နည်းဘာသာရပ် (၅)မျိုးတို့ကို သင်တန်းသူ (၂၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)