ကယားပြည်နယ်ဝန်ကြီးချုပ် နွေရာသီအားကစားသင်တန်းဆင်းပွဲ တက်ရောက်

လွိုင်ကော် မတ် ၂၇

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေါဉခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း ရုံအမှတ်(၃)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ဝါသနာပါရာ အားကစားနည်းများကို အခြေခံမှစ၍ စနစ်တကျ သင်ကြားခွင့်ရရှိကာ ကျန်းမာကြံ့ခိုင်၍ အရည်အချင်းမြင့်မားသည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး အတွေးအခေါ်မှန်ကန်စေရန်နှင့် ဗလငါးတန်တိုးတက်စေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အားကစားနည်းစနစ်တိုင်းသည် စည်းလုံးညီညွတ်မှုနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်မှုကို အခြေခံထားသည့်အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ခင်ရင်းနှီးမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဇွဲရှိမှု၊ သည်းခံတတ်မှု စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊  သင်တန်းကာလ ပြီးဆုံးသွားသော်လည်း မိမိတို့ဝါသနာပါရာ အားကစားနည်းများကို ဆက်လက်လေ့ကျင့်သင်ကြားပြီး ပြည်နယ်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ ဘင်ခရာတပ်ဖွဲ့က ဂုဏ်ပြုသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေပြီး သင်တန်းသား၊ သင်တန်းသူများက Fitness Dance ၊ ဗန်ရှည်တုတ်သိုင်း၊ မြန်မာ့သိုင်း ဓားနှစ်လက်၊ မြန်မာ့သိုင်း လှံစွမ်းရည်နှင့် အခြေခံမြန်မာ့သိုင်းစွမ်းရည်များအား သရုပ်ပြတင်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက နည်းပြချီးမြှင့်ငွေများကိုလည်ကောင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်န​ယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သရုပ်ပြအားကစားအဖွဲ့များအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၈၄၇)ဦးကို  အားကစားနည်း (၁၆)နည်းဖြင့် မတ်လ (၃)ရက်မှ (၃၀)ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)