ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၅)ဦး ထပ်မံတွေ့ရှိ

ဖလမ်း        ဇန်နဝါရီ        ၁၃

ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရေးဂိတ်တွင် တီးတိန်မြို့မှ ပြန်လာသူ အမျိုးသားနှစ်ဦးနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့သူ အမျိုးသား(၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

ဖလမ်းမြို့မှ တီးတိန်မြို့သို့သွားပြီး ဇန်နဝါရီ ၁၀ ရက်နေ့တွင် ဖလမ်းမြို့သို့ ပြန်လာသူ အသက်(၄၆) နှစ်ရှိ အမျိုးသား၊ အသက် (၂၀)အရွယ်ရှိ အမျိုးသားတို့သည် ဇန်နဝါရီ ၁၁ နံနက်က ဖလမ်းမြို့ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရေးဂိတ်တွင် RDT ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်ပြီး အတူပြန်လာသူ မိသားစုဝင်(၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းမရှိဘဲ ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၌ Facility Quarantine ဖြင့် အသွားအလာ ကန့်သတ်ထားသည်။

အလားတူ တီးတိန်မြို့မှ ပြန်လာသူ အသက်(၄၆)နှစ်အရွယ်ရှိ အမျိုးသားနှင့် ထိတွေ့သူများကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက RDT ဖြင့် စစ်ဆေးရာမှ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင် နေထိုင်ကြသူ များဖြစ်ကြသည့် အသက်(၃၆)နှစ်အရွယ် အမျိုးသား၊ အသက်(၃၀)နှစ် အရွယ်အမျိုးသားနှင့် အသက်(၂၉) နှစ်အရွယ် အမျိုးသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခြင်းဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူများကို ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်