မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မြစ်သား မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေကြာအင်းကျေးရွာ၌ ဒေသခံတောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အနေဖြင့် ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် မတ်လနှင့်ဧပြီလများတွင် ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် မိရိုးဖလာ(ပက်ကျဲ)စနစ်အပြင် သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြစ်သော (ဘောင်ကြီးတင်စနစ်)များဖြင့် အမျိုးမျိုးစိုက်ပျိုးကြသည်။ ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက လယ်မြေတစ်ဧကတွင် ပဲတီစိမ်းမျိုးစေ့ ၄ ပြည်ခန့်အသုံးပြုရပြီး၊ သိပ္ပံနည်းကျ(ဘောင်ကြီးတင်စနစ်)ဖြင့် စိုက်ပျိုးပါက ပဲတီစိမ်းမျိုးစေ့ ၂ ပြည်ခန့် အသုံးပြုစိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဖိုး၊ မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေသြဇာဖိုး၊ ဖျန်းဆေးဖိုးများနှင့် ခူးဆွတ်ခအပါအဝင် လေးသိန်းကျပ်ခန့် ကုန်ကျကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် အပင်အပြုအစုနှင့် ရာသီဥတုကောင်းမွန်ပါက တစ်ဧကလျှင် ၁၀ တင်းမှ ၁၇ တင်းအထိ ထွက်ရှိကြောင်း ယခုနှစ်တွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ရွှေကြာအင်းကျေးရွာနေ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူဦးဝင်းမြင့်ထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)