မြစ်သားမြို့နယ်၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

မြစ်သား မတ် ၂

မန္တ‌လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှု‌အောက်ရှိ မြစ်သားမူလတန်း‌ကြိုကျောင်း မိဘဆရာအသင်းမှကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြစ်သားမူလတန်း‌ကြိုကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် လူမူဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တစ်နှစ်ပြီးဆုံး၍ ကလေးသူငယ်များအား ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ ကျင်းပပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် အသက်သုံးနှစ်ပြည့်ပြီး ငါးနှစ်မပြည့်သေးသော ရှေးဦးအရွယ် ကလေးသူငယ်များနှင့် အသက်ငါးနှစ်ပြည့်ပြီးသော်လည်း မူလတန်းကျောင်းသို့ အပ်နှံခြင်းမပြုသေးသော ကလေးသူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများရရှိစေရန် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မူလတန်းကြိုကျောင်း အကျိုးတော်ဆောင် ဒေါ်ဇာဇာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးကို တာဝန်ရှိသူများက ကျောင်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ကြခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် အသီးသီးကပြသီဆို၍ ဖျော်ဖြေခဲ့ကြရာ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ကျောင်းသား၊ ကျောင်းသူများ၏ မိဘများက အားပေးခဲ့ကြကြောင်း သိရသည်။

မြစ်သားမူလတန်းကြိုကျောင်း ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် လူမူဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြစ်သားမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမြင့်အောင်၊ ဖိတ်ကြားထားသော ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)