မန္တလေး မတ် ၂၉
နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်များ အချိန်ကိုတန်ဖိုးရှိစွာအသုံးချ၍ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ အရည်အချင်းမြင့်မားပြီး အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့်ပြည့်စုံကာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူငယ်များပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီသင်တန်းများကို အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။
အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီကြက်ခြေနီသင်တန်းကို မတ် ၂၆ရက်က ဖွင့်လှစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် စိတ်ဓာတ်ကိုလည်းခိုင်မာစေပြီး အကျင့်စာရိတ္တကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ စိတ်ရှည်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် အတူတကွပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ နားလည်တတ်ကျွမ်းမှုများကိုအခြေခံပြီး ထိရောက်စွာ အသုံးချနိုင်ရန် စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်သင်ကြားသွားကြစေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကားများပြောကြားသည်။ထို့နောက် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က သင်တန်းတွင် သင်ကြားပို့ချပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယခုဖွင့်လှစ်သည့် နွေရာသီကြက်ခြေနီသင်တန်းကို ဧပြီ ၇ ရက်အထိ သင်တန်းကာလ ၁၄ ရက် ကြာဖွင့်လှစ်၍ အခြေခံရှေးဦးပြုစုခြင်းနှင့် ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂ဝဝ တက်ရောက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)