မိတ္ထီလာမြို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ

မိတ္ထီလာ မတ်၂၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူးဆောင်ရွက်သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မတ် ၂၈ရက် တွင် ကျင်းပသည်။

ဦးစွာနံနက်ပိုင်းတွင် မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်ပညာဓိကတန်ဆောင်းတွင် ပင့်သံဃာ ၅ ပါးတို့အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း၍  မန္တလေးငလျင်ကြီးကြောင့် ကွယ်လွန်ခဲ့ကြသူများအား ရည်စူးရေစက်ချအမျှတမ်းပေးဝေခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ကော်မတီဝင်များ၊  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်သည်။ ထို့နောက်မွန်းလွဲပိုင်းတွင် အဆိုပါအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ ဦးစွာအခမ်းအနားတက်ရောက်လာကြသူများက ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ကြသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ကြသည်။ ဆက်လက်၍ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် မိတ္ထီလာ၊ သာစည်နှင့် ဝမ်းတွင်းမြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပံ့ပိုးပေးသည့် ကူညီကယ်ဆယ်ရေး အထောက်အကူပစ္စည်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်မြင့်ဦးနှင့်ကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနလက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးအေးစိုးတို့ က ပေးအပ်ခဲ့ကြောင်းသိရသည်။

ချမ်းသာ