တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျွန်းစုမြို့နယ်ရှိ တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျွန်းစု   မတ်    ၂၉

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် လမ်းဦးစီးဌာန၊ တံတား ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ် ၂၈ ရက်က ကျွန်းစုမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီ)မှ ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီရေတပ်စခန်းဌာနချုပ်အတွင်းရှိ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီ)မှ ဆောင်ရွက်သည့် တနင်္သာရီဆည်အနီးတွင် ဂါလံ(၃၀၀၀၀)ဆံ့ မြေသားရေလှောင်ကန် အလျား(၃၅)ပေ အနံ(၃၅)ပေ၊ အနက်(၄)ပေခွဲ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားကမ်းပါးယံမြေပြိုကျမှုမရှိစေရန်နှင့် ရေကြည်ရေသန့်ရရှိရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ကျွလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီ)မှ ကြီးကြပ်၍ သုဝဏ္ဏအလင်းတန်းကုမ္ပဏီ၊ အောင်မေတ္တာလွှမ်းကုမ္ပဏီနှင့် ကတန်ကျွန်းကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သည့် ကမ်းကြီးတပ်ရှောင်ကွင်းလမ်း အရှည်(၁/၄)မိုင်၊ အကျယ်(၁၂)ပေ၊ ‌အကျယ်(၇)ပေထု၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးမှ လမ်းပခုံးဆောင်ရွက်ခြင်းလုပ်ငန်းများအား မိုးရာသီတွင် ရေတိုက်စားပျက်စီးမှု မရှိစေရေး စောင့်ကြည့်ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီ)မှ ဆောင်ရွက်လျက်ရှိသည့် ကမ်းကြီးတပ် ရှောင်ကွင်းလမ်း (၀/၀-၀/၁)မိုင်ကြား အရှည် ပေ (၂၅၀) ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား  ကြည့်ရှုစစ်ဆေးသည်။ လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံများမှ တင်ပြတောင်းဆိုသည့် ကတန်ဆိပ်ခံတံတား၏ တံတားချဉ်းကပ်နေရာတွင် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရန်လိုအပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)