နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များကို ဂုဏ်ပြုပူဇော်

နမ့်စန်(တ) မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် စာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဆရာတော်အရှင်သူမြတ်များ၊ စာအောင်သံဃာတော်များနှင့် တက်ရောက်လာကြသည့်တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဏ္ဍညထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မြို့နယ်သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် သုခိတာကမ္မဋ္ဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာလောကထံမှ ဩဝါဒကထာများ နာယူခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာရေးဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များကို နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ စာချဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုပူဇော်ငွေများဆက်ကပ်လှူဒါန်းခြင်း၊ ပါဠိပထမပြန်စာမေးပွဲတွင် ပထမလတ်တန်းအောင် (၁) ပါး၊ ပထမငယ်တန်းအောင် (၂) ပါး ၊ အခြေပြုမူလတန်းအောင် သံဃာတော် (၁၁) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး ၊ စုစုပေါင်း ရဟန်းသာမဏေ (၁၄) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦးတို့အား အောင်လက်မှတ်နှင့် ဂုဏ်ပြုပူဇော်ငွေများဆက်ကပ်လှူဒါန်းခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

သူရအောင် (နမ့်စန်)