ကျောက်ဆည် မတ် ၂၉
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ခြင်း တစ်နှစ်ပြည့်သည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့နံက် ၁၀ နာရီက ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးကားလမ်းကြီးနှင့် မြို့တွင်းရပ်ကွက်လမ်းများ၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပရိတ်ရေများပက်ဖျန်းခြင်းအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကြက်မင်းတွန်ရပ်ကွက်၊ ရွှေစေတီပရိယတ္တိစာသင်တိုက်၌ မြို့နယ်သံဃနာယက ဆရာတော်ကြီးများအား နေ့လည်ဆွမ်းခဲဖွယ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာရွှေစေတီစာသင်တိုက် ပဓာနနာယကဘဒ္ဒန္တပညာသာမိ (မဟာဂန္တဝါစကပဏ္ဍိတ) ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ ရေစက်သွန်းချတရားနာယူ ကြည်ညိုခဲ့သည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်များမှ ကျောက်ဆည်မြို့အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်ရေများပက်ဖျန်းခြင်းများကို ရွှေစေတီစာသင်တိုက်မှ ရန်ကုန်-မန္တလေးကားလမ်း မြို့ဝင်ဘီးခွန်ဟောင်းထိလည်းကောင်း၊ ဘီးခွန်ဟောင်းမှ မင်းရပ်ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းထိလည်းကောင်း၊ အ.ထ.က (၂) ကျောင်းမှ ပြည်လုံးနိုင်ရပ်ကွက်၊ ဟန်စီနီမာထိလည်းကောင်း၊ ဟန်စီနီမာမှ ပြည်လုံးနိုင်ရပ်ကွက်၊ မြို့မရဲစခန်း လမ်းထိပ်ထိလည်းကောင်း၊ မြို့မရဲစခန်းလမ်းထိပ်မှဘောဂဝတီရပ်ကွက်၊ ဦးကျော်ဖေ လမ်းထိပ်ထိလည်းကောင်း၊ ဦးကျော်ဖေလမ်းထိပ်မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပြည်ပန်းလမ်းဆုံထိလည်းကောင်း၊ ပြည်ပန်းလမ်းဆုံမှ ပေါက်တောမြို့ပတ်လမ်း၊ ရဲစုရပ်ကွက်ရှိ ရဲစုတံတား၊ ကြက်မင်းတွန်ရပ်ကွက်ရှိ မြို့ပတ်လမ်း၊ ကြက်မင်းတွန်သံလမ်းဂိတ်အထိလည်းကောင်း၊ ကြက်မင်းတွန်သံလမ်းဂိတ်မှ ဆူးကုန်းရပ်ကွက်၊ ရုံးကြီးလမ်းအတိုင်း အ.ထ.က (၁) လမ်းဆုံနှင့် HAPPY လမ်းဆုံအထိ လည်းကောင်း၊ HAPPY လမ်းဆုံ မှ ဆူးကုန်းရပ်ကွက်ရှိ ရေနားကျောင်းတိုက် မီးပွိုင့်၊ စုကြီးရပ်ကွက်ရှိ လက်ပြတိုင်မီးပွိုင့်အထိလည်းကောင်း၊ လက်ပြတိုင်မီးပွိုင့်မှ ကြက်မင်းတွန် ရပ်ကွက်၊ ရွှေစေတီစာသင်တိုက်အထိလည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)