မိုးနဲမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့အေးချမ်းစွာဖြေဆို

မိုးနဲ မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ဘုန်းတော်ကြီးကျောင်း၌ ယနေ့မွန်းတည့် ၁၂ နာရီကစတင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သာသနာရေးဦးစီးဌာနမှဦးစီးကာ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

အဆိုပါ စာမေးပွဲကို မိုးနဲမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် မောက်မယ်မြို့နယ်၊ မိုင်းပန်မြို့နယ်ရှိ သံဃာတော်များ လာရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ပထမကြီးတန်းတွင် (၆)ပါး၊ ပထမလတ်တန်းတွင်(၂၁)ပါး၊ ပထမငယ်တန်းတွင် (၁၉)ပါး၊ အခြေပြုမူလတန်းတွင် (၆၄)ပါး စုစုပေါင်း (၁၁၀)ပါးဖြေဆိုသွားရန်စာရင်း‌ ပေးသွင်းထားကြောင်း၊ မတ် ၂၉ ရက်နေ့မှစတင်ကာ ဧပြီ ၄ရက်အထိ မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ ဖြေဆိုရာတွင် ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများပူးပေါင်းကာ ဆောင်ရွက်‌ပေးလျက်ရှိသည်။ သံဃာတော်များ စာမေးပွဲဖြေဆိုရာတွင် အေးချမ်းစွာဖြေဆိုနိုင်ရေးဌာနဆိုင်ရာများမှ လာရောက်ကြီးကြပ်ပေးသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများမှ နေ့စဉ်လာရောက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ဖြေဆိုရန် စာရင်းရှိ သံဃာတော်(၁၁၀)ပါးအနက် အပါး (၆၀) ဖြေဆိုကြောင်း မြို့နယ်သာသနာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို