တန့်ယန်းမြို့နယ်တွင် သဘာဝရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးနှင့် စနစ်တကျ ထိန်းသိမ်းမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တန့်ယန်း မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသော နမ့်ဟူး လွယ်ကာကျေးရွာအုပ်စု နမ့်ဟူး သဘာဝရေထွက်တော (၁၂)ဧက၌ သဘာဝရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးနှင့် စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်စေရန် ဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းအား မြို့နယ်မှ တာဝန်ရှိသူများ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါ သဘာဝရေ အရင်းအမြစ်များ ရေရှည်တည်တံ့စေရေးနှင့် စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်စေရန် သဘာဝရေထိန်းတောဧရိယာ သတ်မှတ်ခြင်း၊ တည်နေရာ မြေပုံသတ်မှတ်ခြင်း၊ ဥပဒေပါတားဖြစ်ချက် ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင်က ရေထွက်တောနှင့် ပတ်သက်သော အချက်လက်များ၊ ဥပဒေတားဖြစ်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးရွာရေထွက်တော ကော်မတီဝင်များ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)