ပျော်ဘွယ် မတ် ၂၉
မန္တလေးတိုင်းဒေကြီး၊ ပျော်ဘွယ်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက် နေ့လည် ၁၂ နာရီက ရှမ်းပွဲရပ်ကွက်ရှိ မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် စတင်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဂုဏာစာရနှင့်အဖွဲ့ဝင်ဆရာတော်များ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲတွင် သတ်မှတ်နေ့ရက်အလိုက် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒ၊ ဒွေမာတိကာ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟ၊ တိကမာတိကာ၊ တိကမာတိကာဒုကမာတိကာနှင့် ဓာတုကထာ၊ သုတ္ထန္တိကမာတိကာနှင့် ဓာတုကထာ၊ အဘိဓာန်အလင်္ကာဆန်း၊ ဘာသာပြန်၊ ယမိုက်အောက် ၅ ကျမ်း၊ ယမိုက်အထက် ၅ ကျမ်း၊ ပဌာန်းကုသလတိတ်ဘာသာရပ်များကို သက်ဆိုင်ရာအတန်းအလိုက် ဖြေဆိုကြရမည် ဖြစ်သည်။
ယနေ့ကျင်းပဖြေဆိုသည့် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒ၊ ဒွေမာတိကာ ဘာသာရပ်၌ ပထမကြီးတန်းတွင် ၂ ပါး၊ ပထမလတ်တန်းတွင် ၁၂ ပါး၊ ပထမငယ်တန်းတွင် ၁၇ ပါး၊ အခြေပြုမူလတန်းတွင် ၆၂ ပါး၊ စုစုပေါင်း ၉၃ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် လူပုဂ္ဂိုလ်များက လိုအပ်သည်များကို ပူးပေါင်းကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)