ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ

ဓနုဖြူ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့  မွန်းတည့် (၁၂) နာရီအချိန်မှစတင်၍ အမှတ် (၄) ရပ်ကွက်ရှိ ''ငြိမ်း" လှိုင်ထိပ်ထားသာသနဗိမာန်တော်ကြီး၌ ကျင်းပသည်။

အဆိုပါ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၁၆) ပါး စာရင်းပေးသွင်းထားသည့်အနက် ပထမကြီးတန်းတွင် (၂၅) ပါး၊ ပထမလတ်တန်းတွင် (၇၁) ပါး၊ ပထမငယ်တန်းတွင် (၇၁) ပါး၊ အခြေပြုမူလတန်းတွင် (၈၆) ပါး စုစုပေါင်း (၂၅၃) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ စုစုပေါင်း (၆၃) ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများက လိုအပ်သည်များဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပြီး၊ စာမေးပွဲကာလနေ့ရက်များအလိုက် စာဖြေဌာနကြီးကြပ်ရေးအဖွဲ့၊ ဆရာတော်ကြီးများနှင့် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် အချိုရည်များကို စေတနာရှင် အလှူရှင်များကလည်းကောင်း၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် စာမေးပွဲကျင်းပရေးကော်မတီမှ ဆွမ်းစရိတ်အဖြစ် တစ်ပါးလျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့်လည်းကောင်း ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ (၇) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)