တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း မတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “အောင်သရဖူ” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ မှန်ကန်သော အတွေးအခေါ်များဖြင့် အပြောအဆိုအတတ်ပညာများဖွံ့ဖြိုးစေရန်၊ ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများ ပိုမိုရရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုကျွမ်းဝင်ရင်းနှီးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင် က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် “အောင်သရဖူ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဝင်းအောင်လှိုင်(Grade- 11)၊ မဝင်းမိုးသူဇာလှိုင်(Grade- 11)တို့က စာရေးဆရာ ဗန်မော်သိန်းဖေ ရေးသားထားသည့် “မျှဝေလိုသော အတွေးများ(၃)” စာအုပ် ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလာသည့် အကြောင်းအရာများ ပြန်လည်ဆွေးနွေးခဲ့ကြပြီး၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမျိုးမြင့် (အောင်လံ)တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး “အောင်သရဖူ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုစာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံစာစောင်များ၊ သုတရသစာအုပ်စာစောင်များအား တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်