ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တောင်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် ရောင်းချပေးနေမှုများ ကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် ၃၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမင်းမင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး‌ ဌေးရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နေဝင်း၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တောင်ကြီး)မှ ဒုရဲမှူးမျိုးသန့်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ချစ်စမ်းမောင်နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်‌ရောင်းချလျက်ရှိသည့် စက်သုံးဆီ‌အရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် ရောင်းချနေမှုများအား ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်း ရပ်ကွက်ရှိ BOC စက်သုံးဆီဆိုင်၊ သစ်တောရပ်ကွက်ရှိ နီလာရိုးမစက်သုံးဆီဆိုင်၊ ကံကြီးရပ်ကွက်ရှိ BOC(သစ်တော) စက်သုံးဆီ‌ဆိုင်၊ စံပြစက်သုံးဆီဆိုင်တို့တွင် QR Code စနစ်ဖြင့် ရောင်းချနေမှုများအား ကြည့်ရှု၍ စက်သုံးဆီဆိုင်များအနေဖြင့် နိုင်ငံ‌တော်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စုံ/မ စနစ်ဖြင့် သတ်မှတ်အင်ဂျင်ပါဝါအလိုက် ရောင်းချရန် လိုအပ်ကြောင်း၊ တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စက်သုံးဆီ ရောင်းချမှုမရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းမှာကြားပြီး၊ စက်သုံးဆီရောင်းချမှုများနှင့် ပတ်သက်၍ ဝယ်ယူကြသည့် မိဘပြည်သူများအား ရင်းရင်းနှီးနှီး ရှင်းလင်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)