မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် မတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊‌ ‌ယန်းမိုင်(လားဟူ)ကျေးရွာ၊ ဘက်စုံသုံခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းတို့က  ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ ဆွေးနွေးပြောကြားရာတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးအကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့်ဆိုးကျိုးများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)အကြောင်း၊ စပါး၊ ပြောင်းများ ပိုးကျပါက‌ ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊‌ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် စံပြကျေးရွာစီမံကိန်းအတွက် ဆက်လက်ဆောင်ရွက်ပေးမည့်လုပ်ငန်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ လားဟူ တိုင်းရင်းသားဘာသာတို့ဖြင့် အသိပညာ‌ပေးဆွေးနွေး‌ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော  ယန်းမိုင်(လားဟူ)ကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)