မိုင်းနောင် မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းရုံးကုသိုလ်ဖြစ် ဆေးခန်းတွင် မိုင်းနောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများကို လစဉ်ပုံမှန်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် သက်ကြီးဖိုးဖွားများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှူးက ကုသိုလ်ဖြစ် ဆေးခန်းတွင် လစဥ် လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများခံယူနေသော မြို့ပေါ်(၅)ရပ်ကွက်မှ သက်ကြီးဖွားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ဂါရဝ စကားပြောကြားပြီး သက်ကြီးဖိုးဖွားများအတွက် အာဟာရ ဓာတ်စာခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို ပေးအပ်ထောက်ပံ့ကာ နမ့်ခုံးရှမ်းများပရဟိတ အသင်းရုံး ကုသိုလ်ဖြစ်ဆေးခန်းတွင် လိုအပ်သည့်ဆေးဖိုးများအတွက် အလှူငွေပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မိုင်းနောင် တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်အတူ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဝေယံစိုးနှင့် သူနာပြုဆရာမများ၊ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင်များသည် သက်ကြီးဖိုးဖွား(၉၈)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးတိုး၊ နှလုံးရောဂါများနှင့် အခြားရောဂါများ ရှိ/မရှိစစ်ဆေးခြင်း၊ ရောဂါ ဝေဒနါများ ခံစားရပါက လိုအပ်သည့်ကုသမှုများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။
မနန်း(မိုင်းနောင်)