မိုးနဲ မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စုနေ တောင်သူများ စိုက်ပျိုးထားသော ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့် နေကြကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် အဓိက စိုက်ပျိုးသီးနှံများအဖြစ် ပြောင်း၊ ပဲပုပ်၊ နေကြာ၊ ကြက်သွန်၊ ပန်းနှမ်း၊ မြေပဲနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် မကြာမီကြက်သွန်ဖြူ များ လှိုင်လှိုင်ပေါ်ထွက်တော့မည်ဖြစ်ရာ စိုက်ပျိုးတောင်သူ များအနေဖြင့် စတင်စိုက်ပျိုးချိန်တွင် တစ်ဦးလျှင် ကျပ်(၂၀,၀၀၀) ကောက်ရိုးဖုံးသူ တစ်ဦးလျှင် ကျပ် (၃၀,၀၀၀) ငှားရမ်း စိုက်ပျိုးခဲ့ကြရကြောင်း၊ စိုက်ပျိုးပြီးချိန်တွင် အပင်အားတိုးဆေးကို ပက်ဖျန်းပေးရကြောင်း၊ နုတ်ယူရချိန်တွင်လည်း အငှားတစ်ဦးလျှင် ကျပ် (၂၀,၀၀၀) ဖြင့် ထပ်မံငှားရမ်းရမည်ဖြစ်ရာ ကုန်ကျစရိတ်များစွာရှိသည့်အတွက် ကြက်သွန်ဖြူများ နုတ်ယူရောင်းချရချိန်တွင် ဈေးကောင်းရရှိရန်မျှော်လင့်နေကြကြောင်း သိရသည်။
အဓိကသီးနှံများအပြင် မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် သီးနှံများအဖြစ် ငရုတ်၊ သခွား၊ ခရမ်းညို၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်ညှင်း၊ ဖူးစားပြောင်း၊ ခရမ်းချဉ်၊ မုန်ညှင်းဖြူနှင့် အခြားသီးနှံများကိုပါ စိုက်ပျိုးကြကြောင်း တောင်သူများထံမှ သိရသည်။
ဇင်ကိုကို